• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
မဟာသီချင်းလိုမျိုး အကျိုးပြုသီချင်းတွေ ရေးနေရင်းနဲ့မှ ဆရာ ဒီဂီတလောကကနေပြီးတော့ အဆက်ဖြတ်တယ်ဆိုပြီးတော့လည်း ပြောလိုက်သေးတယ်နော်။
ရုတ်တရက်ကွယ်လွန်သွားတာပေါ့။ ဒါပြောရရင် အကြောင်းတွေကတော့ အများကြီးပေါ့။ အဓိကပြောရရင် သီချင်းကိုတန်ဖိုးထားတယ်ပေါ့။ အခုချိန်အထိလည်း တန်ဖိုးထားဆဲပါပဲ။ အဲ့တာနဲ့ ပတ်သက်ပြီးတော့ သုခုမအချစ်သခင်ဆိုပြီးတော့ တစ်ပုဒ်ရေးဖူးတယ်။ တယုတယနဲ့ တန်ဖိုးထားတာ။ အနုပညာမဆန်တဲ့လက်တွေနဲ့ လာကိုင်တာမျိုးကျတော့ ဆရာ့စိတ်ထဲမှာ သီချင်းကို သနားတယ်လေ။ အဲ့တာကြောင့်သီချင်းကို ချစ်၍စွန့်သွားတဲ့မင်းကို စွန့်၍ချစ်သွားတာ။ စွန့်ပြီးပေမယ့်လည်း သီချင်းကိုချစ်တုန်းပါပဲ။ သီချင်းနဲ့ ပတ်သက်တဲ့စာသားတွေ၊ ဓမ္မအတွေးတွေပေါ့။ ဆောင်းပါးရေးနေတုန်းပါပဲ။ ဓမ္မထဲရောက်နေပေမယ့် အချိန်အခါအရ စွန့်သွားခဲ့ရတဲ့သီချင်းတွေထဲမှာ နေ့သစ်ပေါ့။ ဆရာစိုင်းခမ်းလိတ်ရဲ့နေ့သစ်။ အဲ့တာလေးကိုလည်း ခံစားပြီးတော့ဆောင်းပါးရေးထားသေးတယ်လေ။
အဲ့သီချင်းနဲ့ ပတ်သက်ပြီးရေးထားတဲ့သီချင်းကို သမီးဖတ်ဖူးတယ်ဆရာ။ ၂၀၀၃ ကထွက်ခဲ့တာနော်။ သီချင်းထဲက ဓမ္မ၊ ဓမ္မထဲက အလင်း၊ အလင်းထဲက မောက္ခ။ အဲ့စာအုပ်ထဲမှာလေ စာကို နောက်ကလိုက်ဖတ်တာရယ်။ ရင်ပေါင်တန်းဖတ်တာရယ်၊ ပြီးတော့ရှေ့ကနေ ကြိုဖတ်တာပေါ့နော်။ အဲ့လိုမျိုးခွဲထားတာလေးရှိတယ်။ အဲ့တာလေးကိုလည်း နည်းနည်းလောက်ရှင်းပြပေးပါလား။
အဲ့တာက ဆရာဦးရွှေအောင်ရဲ့ စာဖတ်သူများထဲက ယူထားတာပေါ့နော်။ သီချင်းကတော့ ဆရာစိုင်းခမ်းလိတ်က နေ့သစ်ဆိုတဲ့ သီချင်းလေးပဲ ရေးလိုက်တာပဲလေ။ ရေးပြီးတဲ့ဆောင်းပါးကိုလည်း ဆရာစိုင်းခမ်းလိတ်ဆီကို ပို့လိုက်တော့ ဆရာစိုင်းခမ်းလိတ်ကတောင် ပြောတယ်။ ခင်ဗျားဗျာ ကျွန်တော်ရေးလိုက်တာ ရိုးရိုး၊ ခင်ဗျားပြောလိုက်မှ အကျယ်ကြီးတွေဖြစ်ကုန်တယ်။ သီချင်းလေးတစ်ပုဒ်ရဲ့ between the lines ပေါ့နော်။ သီချင်းလေးတစ်ပုဒ်ထဲမှာ စာရေးသူထည့်မပြောလိုက်တဲ့ဟာတွေ အများကြီးရှိတယ်။ အဲ့တာကိုဆရာတို့က ကိုယ်ဥာဏ်ကြီးရင် ကြီးသလိုဆင့်ပွားပြီးတော့ ခံစားလို့ရတယ်။ အဲ့အကြောင်းလေးကို ဆရာကသိစေချင်လို့ ဆောင်းပါးလေးရေးတာ။ ဆရာ တရားထိုင်တဲ့အချိန်မှာလည်း အဲ့လိုပဲ ၀ါသနာစရိုက်ဆိုတာ စွန့်လွှတ်လို့မှ မရတာ။ ဓမ္မရဲ့ပုံစံအဖြစ်နဲ့ အာရုံထဲရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ ဒါဓမ္မပဲ။ ပထမအပိုဒ်မှာဆိုရင်တော့ အရှေ့ဆီမှာ ရောင်နီလင်းလို့လာပြီးပေါ့။ ဒါကတော့ မိုးလင်းတော့မယ့်ကလေးလေးကို နှိုးတဲ့သဘောမျိုး စာရေးသူက ရေးဖွဲ့တာပဲ။ ဒါပေမယ့် ဆရာကတရားထိုင်နေတော့ တရားရဲ့တန်ဖိုးသိလာတော့ အရှေ့ဆီဆိုတာနဲ့ အရှေ့မဇ္ဈိမဒေသကိုမြင်တာ ရောင်နီဆိုတာ ဗုဒ္ဓကိုပြောတာ။ အဲ့တော့ အိပ်နေလို့မတော်ဘူး။ အားလုံးနှိုးထကြတော့ဆိုပြီးတော့ နှိုးလိုက်တယ်။ နှိုးလိုက်ပြီးတာနဲ့ ဘာလုပ်လဲဆိုတော့ ကိုယ်လက်ကိုသန့်ရှင်းထားဆိုတာ သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို သန့်ရှင်းအောင်လုပ်တာ။ စိတ်ကိုသန့်ရှင်းဖို့ကျတော့ သမာဓိ။ ဒီနေ့သစ်ဟာ ဒို့ကိုအင်သစ် အားသစ်တွေပေးလာမှာဆိုပြီးတော့ နေ့သစ်ဆိုတာ ဘုရားပွင့်ပြီး ၀ါဆိုလပြည့်နေ့ နေ့သစ်တစ်ခု ဘုရားပွင့်ပြီးတော့ ၄၉ ရက်ဗုဒ္ဓဂါယာမှာနေတယ်။ ပြီးတော့မိဂါဓာဝုန် သွားပြီးတော့ တရားဟောတယ်။ ဓမ္မစက်ဝန်းကြီးစလည်တဲ့နေ့က နေ့သစ်ပဲ။ အဲ့တော့အဲ့လိုအချိန်မှာ စောစောစီးစီး စကားများကြတယ်။ ငှက်တွေက တိရိစ္ဆာန်ပဲ။ တိရိစ္ဆာန်တွေက သာယာတဲ့သီချင်းတွေနဲ့ လောကကြီးကိုအလှဆင်နေတယ်။ လူတွေကျတော့ ဘာလို့စကားများနေလဲ။ ကမ္ဘာမြေပြင်အတွက် မင်္ဂလာအရှိဆုံးအချိန်မှာ လူတွေကတစ်ယောက်နဲ့ တစ်ယောက် စကားတွေများကြနဲ့ ပြဿနာဖြစ်ကြဆိုတော့ အသိဥာဏ်မရှိပါဘူးဆိုတဲ့ တိရိစ္ဆာန်တွေတောင် လောကကိုအလှဆင်နေတဲ့အချိန်မှာ အသိဥာဏ်မြင့်မားပါတယ်ဆိုတဲ့ ဘာကြောင့်လောကကြီးကို ဖျက်ဆီးချင်လဲ။ အဲ့တော့မင်္ဂလာရှိတဲ့အချိန်မှာ မလုပ်ကြပါနဲ့။ အဲ့ဒီနေ့သစ်နဲ့ ပတ်သက်ပြီးတော့ တရားထိုင်တဲ့အချိန်မှာရောက်လာတော့ အကျယ်ကြီးပဲမြင်သွားတယ်။ သဘာဝတရားကြီးက ဖြစ်ခြင်းပျက်ခြင်းတွေ ရှိတယ်ဆိုတာ နားလည်သွားမယ်။ တတိယအပိုဒ်ကတော့ ညအမှောင်ရဲ့အိပ်မက်ဆိုး။ ညအမှောင်ရဲ့ အိပ်မက်ဆိုးဆိုတာ ဆရာတို့မက်နေတဲ့အိပ်မက်တွေက အိပ်မက်ဆိုးတွေချည်ပါပဲ။ သတိနဲ့အိပ်ကြတာ မဟုတ်ဘူး။ အတ္တဆိုတဲ့ ဥခွံကြီးထဲမှာ မက်နေတဲ့အိပ်မက်တွေက အိပ်မက်ဆိုးတွေပါပဲ။ အဲ့ဒီ အတ္တဥခွံကြီးထဲက လွတ်မြောက်သွားပြီဆိုရင် အိပ်မက်ဆိုးကနေ နိုးသွားပြီ။ အဲ့ဒါကြောင့် အတ္တဆိုတဲ့လမ်းဟောင်းထဲမှာ ဆက်မမှားဘို့ အမှားဟောင်းတွေ ဆက်မမှားဖို့ ဗုဒ္ဓပွင့်နေတဲ့အချိန်၊ သာသနာပေါ်နေတဲ့အချိန်က ပြင်ဆင်ဖို့လိုတဲ့အခွင့်ကောင်းတစ်ရပ်ပဲ။ ကိုယ်ကလည်း လူဖြစ်နေတယ်။ ထောင်နိုင်တဲ့ နားလည်းရှိတယ်။ ဆုံးဖြတ်နိုင်တဲ့၊ နားလည်နိုင်တဲ့အသိဥာဏ်လည်းရှိတယ်။ လူဖြစ်လာခြင်းရဲ့ တန်ဖိုး။ လူဖြစ်လာခြင်းရဲ့ အဓိပ္ပါယ်။ အဲ့တာကြောင့်မို့လို့ တစ်ယောက်နဲ့ တစ်ယောက် မုန်းတာတွေ၊ ရန်ငြိုးတွေပယ်ဖျောက်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မေတ္တာထား။ ကိုယ့်ကိုကိုယ်ကြည့်ရင် သတိနဲ့ကြည့်။ သူများကိုဆက်ဆံရင် မေတ္တာနဲ့ ဆက်ဆံ။ အဲ့တာဆိုရင် အဲ့ဒီနေ့သစ်က ကိုယ့်အတွက် ဘ၀အောင်မြင်မှု။ ဘ၀မောင်မြင်မှုဆိုတာ ဘာလဲဆိုတော့ ဘုရားပေးတဲ့အနတ္တအသိဥာဏ်ကို ရသွားနိုင်တယ်ဆိုတာ အဲ့အထိဆရာက တွေးကြည့်လိုက်တာ။ ဒါပေမယ့် အဲ့ဒီစာအုပ်ထုတ်တော့ လူတွေကသိပ်မကြိုက်ဘူး။ မျိုးစုံပြောကြတာပေါ့။ ဒါကြောင့်သိပ်မရောင်းရဘူး။ တရားစာအုပ်မဟုတ်ဘူးလို့ထင်တယ်။
စိုင်းထီးဆိုင် - နေ့သစ်