• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဆရာနဲ့ စကားတွေပြောရတာ ဗဟုသုတတွေလည်း အများကြီးရသွားပြီ။ သီချင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေလည်း အများကြီးသိရှိသွားပြီဆိုတော့ တစ်ခုထပ်ပြီးတော့ ပြောချင်တာကလေ ဆရာက အရင်တုန်းကသီချင်းတွေရေးခဲ့တာပေါ့နော်။ အခုသီချင်းတွေလည်း မရေးတော့ဘူး။ ဒါပေမယ့် သီချင်းနဲ့ပတ်သက်တဲ့စာအုပ်တွေကိုလည်း ပြန်ပြီးတော့ရေးနေတယ်ဆိုတော့ ဂီတနဲ့ ပတ်သက်ပြီးတော့ဆရာက လုံးဝစွန့်ခွာလိုက်တာလား။ ဒါပေမယ့် သံယောဇဉ်မကုန်သေးဘဲနဲ့ ဆက်ပြီးတော့ပဲ ရေးနေတာလားဆိုတာ အဲ့တာလေးလည်း သိချင်သေးတယ်ဆရာ။
ညဉ်စရိုက်၊ ၀ါသနာကတော့ စွန့်လွှတ်လို့မရဘူးလေ။ ဘုရားတစ်ပါးကလွဲလို့ ကျန်တဲ့သူကတော့ စွန့်လွှတ်လို့မရဘူးလေ။ ဆရာလည်းဒီလိုပေါ့။ သီချင်းနဲ့နှစ်များစွား နေခဲ့တဲ့လူကို။ သီချင်းရေးဆရာဖြစ်ချင်ခဲ့လို့ သီချင်းရေးဆရာတွေကို အားကျပြီးတော့ ကြိုးစားခဲ့တဲ့လူဆိုတော့ သီချင်းနဲ့မကင်းပါဘူး။ မလုပ်ဖြစ်တော့တာဘဲ ရှိမှာပါ။ လုပ်ဖြစ်နေတဲ့လူတွေကိုလည်း အားပေးပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သီတင်းကျွတ်လပြည့်နေ့ မယ်တော်မိနတ်သားကို အဘိဓမ္မာတရားတွေဟောပြီး ပြန်ကြွလာ၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းနဲ့ ဆင်းလာတဲ့အချိန်မှာ နတ်တွေက ဘယ်ညာပေါ့နော်။ အလယ်မှာကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရှေ့ကနေဦးဆောင်ပြီး ဆင်းလာပြီးတော့ ဗေလုဝနတ်စောင်းနဲ့ပေါ့နော်။ ရှစ်ပါးသီလမှာတောင် ဂီတကိုပယ်ဖို့ပြောတာပေါ့။ သို့သော်လည်း အဲ့ဒီမှာတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပယ်ဖျက်တော်မမူပါဘူး။ ဂီတကစွဲဆောင်စည်းရုံးတဲ့နေရာမှာ အကောင်းဆုံးပဲလေ။ ဥပမာဆိုရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး တောထွက်ဖြစ်တာ ပထမနိမိတ်ကြီးလေးပါးမြင်ပြီးပြီနော်။ ရဟန်းပြီးတော့ ကိသာဂေါတမီက ဂါထာလေးတစ်ပုဒ်ရွတ်လိုက်တယ်။ ဂါထာလေးရဲ့ အဓိပ္ပါယ်ကတော့ အဆင်းတင့်တယ်တဲ့ ယောက်ျားကောင်းကို သားတော်ရသောမိခင်၊ ဒါမှမဟုတ် ဇနီးမယားက အင်မတန်မှ တင့်တယ်မှာပဲလို့ သူကတော့မျှော်လင့်တာပေါ့။ ဒါပေမယ့် အဲ့ဒီအထဲမှာ အင်မတန်မှငြိမ်းချမ်းမှာပဲဆိုတဲ့ စာလုံးလေးပါတယ်။ အဲ့တော့ အဲ့ဒီစာလုံးလေးက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်လာတဲ့ ပါရမီဓာတ်ခံရှိတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး အဲ့အချိန်တုန်းက ဘုရားအလောင်းပေါ့နော်။ ဘုရားအလောင်းကိုနှိုးဆွလိုက်တာ။ နိဗ္ဗာန်ဆိုတဲ့ ငြိမ်းချမ်းတဲ့ဓာတ်ကို ငါရအောင်လုပ်ဖို့အတွက် အချိန်သင့်ပြီဆိုပြီးတော့ အဲ့ဒီနေ့ညက တောထွက်ဖြစ်တာ။ ဂီတရဲ့အကျိုးသက်ရောက်မှုပေါ့။ ဂီတဟာ တကယ်တမ်းအသုံးချရင် အသုံးချတတ်တဲ့လူအပေါ် မူတည်တာပေါ့။ သူဘယ်လိုအသုံးချလဲအပေါ်မှာ မူတည်ပြီးတော့ အသုံးချတတ်တဲ့လူအပေါ်မူတည်ပြီးတော့ တန်ဖိုးကမြင့်တက်သွားတာ။ ဂီတက နည်းနည်းနောနောမဟုတ်ဘူးနော်။ ဂီတက လူသားတွေရဲ့ နှလုံးသားကို လွှမ်းမိုးအချုပ်ကိုင်နိုင်ဆုံးပဲ။ အဲ့တော့ဂီတကို ဆရာမမုန်းဘူး။ ဆရာကြီးဦးသုခ ဆုံးခါနီးတုန်းက ဆရာ့ကိုပြောတယ်။ ဦးမြသန်းစံတဲ့ ကျုပ်က အနုပညာကိုမမုန်းဘူးဗျာ။ ဒါပေမယ့် အနုပညာသည်တွေကိုတော့ အမြင်ကတ်တယ်ဗျာတဲ့။ ဆိုလိုတာက ဂီတက မုန်းစရာမဟုတ်ဘူး။ စွန့်ပြစ်လိုက်စရာလည်း မဟုတ်ဘူး။ ဂီတကြောင့် လောကရဲ့အသိအမြင်တွေတောင် ပြောင်းသွားနိုင်တယ်။ ဂီတကိုတန်ဖိုးထားတတ်တဲ့စိတ်တွေပဲ လိုချင်တာပါ။
ဒါဆိုလို့ရှိရင် အခုနောက်ဆုံးသီချင်းလေးအတွက်ကိုရော ဆရာ ဘယ်သီချင်းစဉ်းစားထားလဲ။
အဲ့တော့ခုနက စကားနဲ့ဆက်ပြောရင် ဆရာအခုဂီတနဲ့ ကင်းကွာပြီလားဆိုတော့ မကင်းကွာပါဘူး။ သီချင်းလေးတစ်ပုဒ်ကတော့ နောက်ဆုံးဆရာသေတဲ့အထိ ရင်ထဲမှာငြိနေတဲ့သီချင်းလေးတစ်ပုဒ်။ အဲ့သီချင်းလေးတစ်ပုဒ်တော့ရှိတယ်။ အဲ့သီချင်းလေးတစ်ပုဒ်က ဘယ်ကရလဲဆိုတော့ ဗုဒ္ဓဂါယာမှာဆရာ ၂၀၀၄ ခုနှစ် သွားတယ်။ ဗုဒ္ဓဂါယာမှာ ၄၉ ရက် ရဟန်းဝတ်ပြီးတော့ တရားအားထုတ် ကျင့်ကြံတယ်ပေါ့နော်။ အဲ့ဒီနောက်ပိုင်းမှာ အိန္ဒိယအခွေလေးတစ်ခွေ ရလာတယ်။ ကက်ဆက်ခွေလေးပေါ့နော်။ သရဏဂုံသုံးပါး။ သူတို့ သရဏဂုံသုံးပါးကို music နဲ့ဖွဲ့ထားတာ အရမ်းလှတယ်။ ဆရာက အဲ့ဒီဟာလေးကို ဗုဒ္ဓဂါယာမှာဆိုလည်း မနက်တိုင်းကြားရတယ်။ အဲ့တာလေးကို ဆရာက မှတ်လာပြီးတော့ ဆရာရဲ့ Handphone ထဲမှာ ringtone အနေနဲ့ထည့်ထားတယ်။ နောက်တစ်ခါ alarm tone အနေနဲ့ထည့်ထားတယ်။ ဆိုလိုတာက တယ်လီဖုန်းအသံမြည်လာပြီဆိုတာနဲ့ သရဏဂုံကို သတိရတယ်။ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာသုံးပါးလောက် မြတ်တာမရှိဘူး။ ရတနာအစစ်မို့လို့လည်း ရတနာဖြစ်တာ။ ဥာဏ်အလင်းရောင် ထွန်းပြပေးတာ။ အဲ့တော့ အဲ့ဒီရတနာသုံးပါးသီချင်းကို ဆရာ့ရင်ထဲမှာ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း နားထောင်တယ်။ မနက်မိုးလင်းလို့ရှိရင်လည်း ပထမဆုံးကြားရတဲ့အသံက ရတနာသုံးပါးအသံပဲ ဖြစ်ရမယ်။ ဖုန်းပြောတဲ့အခါမှာလည်း သူတပါးနဲ့ ဖုန်းမပြောရသေးခင် ဘုရားကိုသတိရတယ်။ တရားကိုသတိရတယ်။ အဲ့ဟာလေးကို ဆရာရင့်ထဲမှာ အမြဲတမ်းငြိနေတယ်။
ဒီအစီအစဉ်ရဲ့ နောက်ဆုံးအနေနဲ့ ဆရာ့ရဲ့စာဖတ်ပရိတ်သတ်တွေ၊ Popularís Choice ပရိတ်သတ်တွေအတွက် ဆရာရဲ့အမှတ်တရ စကားလေးကိုလည်း ပြောပြပေးပါအုံး။
အမှတ်တရစကားတွေလည်း အများကြီးပါသွားပါပြီ။ အချုပ်ပြောရမယ်ဆိုရင် ဘုရားရှင်ပရိနိဗ္ဗာန်ပြုခါနီးမှာ နောက်ဆုံး ဟောခဲ့တဲ့တရားပေါ့နော်။ အဲ့တာက သတ္တ၀ါတွေအားလုံးကို မှားသွားတဲ့စကားပေါ့နော်။ အဲ့ဒီစကားလေးကို အလေးအနက်နှလုံးသွင်း ပြီးတော့ အလေးအနက် အလုပ်လုပ်သွားကြဖို့ ပြောချင်ပါတယ်။
သရဏဂုံသီချင်း