• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဟုတ်ကဲ့ဆရာ။ မင်းခယောင်္ကျားဆိုတဲ့ သီချင်းလေးတော့ပြီးသွားပြီ။ နောက်ထပ်သီချင်းတစ်ပုဒ် ဆိုလို့ရှိရင်ကောဆရာ။
သူနဲ့ဆက်စပ်ပြီး အဲ့ဒါကတော့ ဆရာစိုင်းခမ်းလိတ်ဖန်တီးခဲ့တဲ့ မင်းခယောင်္ကျားပေါ့နော်။ ကိုယ်ကိုတိုင်ရေးခဲ့တဲ့သီချင်းပေါ့။ ကိုယ်ကိုတိုင်ရေးခဲ့တဲ့သီချင်းကတော့ စစ်သားရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ဘ၀မှာစွန့်လွှတ်ခဲ့တဲ့လူပေါ့နော်။ အဲ့ဒါတွေကို အတွေးစတော့ တဂိုးကဗျာကရတယ်ပေါ့။ ဖယောင်းတိုင်လေးတွေ၊ သူ့ရဲ့ဖယောင်းရေပျော်ခံပြီးတော့ မီးစာတွေအကျွမ်းခံပြီးတော့ အလင်းရောင် ပေးသွားတယ်။ ပန်းပွင့်လေးတွေ မိုးသည်းထန်စွာကျလာတဲ့အချိန်မှာ ပန်းပွင့်လေး ကြွေသွားတယ်။ သူ့ပွင့်ဖတ်တွေကြွေသွားပေမဲ့ ကမ္ဘာမြေပေါ်မှာ ပန်းခင်းတဲ့လမ်းဖြစ်တယ်။ အဲ့လို ဘ၀ကို သူတို့ အနစ်နာခံပြီးတော့ စွန့်လွှတ်အနစ်နာခံပြီးတော့ ဘ၀ကိုအသက်ပါပေးသွားတယ်ပေါ့နော်။ ဒီဟာကို စွန့်လွတ်သူများအတ္တုပ္ပတ္တိဆိုပြီးတော့ အဲ့ဒါလေးရေးတယ်ပေါ့။ ဒီဟာကို စိုင်းထီးဆိုင်ပဲဆိုပါတယ်။ အက်စစ်မိုးစက်များစီးရီးခွေထဲမှာ ပါတယ်။ ပါခဲ့တယ်ပေါ့နော်။ ရုပ်ရှင်၊ဗွီဒီယိုဇာတ်ဝင်သီချင်းတွေလဲ သုံးတယ်ထင်တယ်။ အဲ့ဒီတော့ အဲ့ဒီသီချင်းလေးက စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လူတွေအားလုံးကို ရည်ရွယ်တာပါ။ စွန့်လွှတ်အနစ်နာခံခဲ့တဲ့လူတွေ လောကကြီးကို လူအဖြစ်ရောက်လာတဲ့အချိန်မှာ လောကကြီးထဲကရယူသွားတဲ့ လူတွေပဲရှိသလို လောကကြီးကိုပေးဆပ်သွားတဲ့လူတွေလဲရှိတယ်။ ပေးဆပ်သွားတဲ့လူတွေထဲမှာ အမြင့်ဆုံးကဘုရားပဲပေါ့နော်။ ဘုရားကလည်း ဒီသဗ္ဗညုတဥာဏ်ရဖို့အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်တယ်။ ပထမပါရမီဖြစ်တဲ့ အသက်ပါစွန့်လွှတ်ရတော့မှာ။ အဲ့ဒါကြောင့် စွန့်လွှတ်ခဲ့တဲ့ဘ၀တွေများတော့ အဲ့ဒါတွေရဲ့နောက်ဆုံးရလာဒ်က ဒီသဗ္ဗညုတဥာဏ်ရတာပေါ့နော်။ ဒါပေမဲ့ စွန့်လွှတ်သွားပြီ။ ဟုတ်ပြီ အတ္တမဟုတ်ဘူး အနတ္တဆိုတဲ့ ဒီဥာဏ်ကိုပေးခဲ့ပြီ။ အလင်းရောင်တွေ၊ ဥာဏ်အလင်းရောင်တွေပေးခဲ့ပေမယ့် အဲ့ဟာကိုသုံးတဲ့လူတွေရဲ့ ဒီအလင်းရောင်ကို တန်ဖိုးထားမယ့် လူတွေရဲ့ စိတ်ဓာတ်ကလည်း လိုသေးတယ်လေ။ စွန့်လွှတ်တဲ့လူကစွန့်လွှတ်သွားပြီ။ ဖယောင်းတိုင်လိုပဲ ကြွေသွားပြီ။ ပန်းပွင့်တွေလိုပဲ ကြွေသွားပြီ။ လောကကြီးတော့ လှသွားပြီ။ လောကကြီးတော့ အလင်းရောင်တွေရသွာပြီ။ သို့သော်လည်းပဲ အဲ့ဒီအလင်းရောင်ရဲ့တန်ဖိုး၊ ပန်းကြွေတဲ့လမ်းရဲ့တန်ဖိုးကို နားလည်ဖို့အတွက်ကြတော့ လောကကြီးမှာကျန်ခဲ့တဲ့လူတွေမှာ တာဝန်ရှိတယ်။
ဟုတ်ကဲ့ပါ ဆရာ။ တစ်ခုသိချင်တာက ဆရာ အဲ့ဒီသီချင်းကိုဘယ်နှစ်ခုနှစ်လောက်ကရေးခဲ့တာလဲ။
အဲ့ဒီသီချင်းက စီးရီးတွေ၊ စီးရီးရေးတဲ့တေးရေးဆရာဘ၀ရောက်ပြီဆိုတော့။ ၉၀၊၉၁ လောက်ဖြစ်မယ်ထင်တယ်။ အဲ့လောက်မှာရေးတာပေါ့နော်။ ဆရာ ဆရာတွေပေါ့။ သင်ဆရာတော့ မဟုတ်ပါဘူး။ မြင်ဆရာ၊ကြားဆရာတွေပေါ့။ ဆရာစိုင်းခမ်းလိတ်တို့၊ ဆရာကိုနေ၀င်းတို့ပေါ့။ သူတို့တွေ ဘယ်လိုရေးခဲ့ကြတယ်။ မယ်လိုဒီ ဘယ်လိုဖွဲ့စည်းခဲ့ကြတယ်။ နောက်စာသားတွေ ဘယ်လိုလုပ်ကြတယ်။ အကြောင်းအရာတွေ ဘယ်လိုအလင်္ကာတွေနဲ့ ဂုဏ်တွေနဲ့ ရသမြောက်အောင် ဘယ်လိုရေးခဲ့ကြလဲ။ ဒါတွေကို အတုယူအားကျပြီးတော့ ကိုယ်သီချင်းရေးဆရာဖြစ်လာတဲ့အချိန်မှာလည်း အဲ့လိုစကာလုံးပေါ့နော် အနုပညာဆန်တဲ့ စကားလုံးလေးတွေ သဘာဝအလှအပအဖွဲ့ပေါ့နော်။ အခုဒီမှာဆိုရင် ဒီအတွေးတွေပေါ့။ တဂိုးဆီကရတယ်။ ဒါမျိုးပဲ။ ကိုယ်ကြိုက်ခဲ့တဲ့သီချင်းတွေက သီချင်းခံစားသူဘ၀တုန်းက သီချင်းရေးဆရာမဖြစ်ခင်ဘ၀တုန်းကတော့ ကိုနေ၀င်းရဲ့ ခတ္တာသီချင်းတို့လို၊ မြတ်သောအကျင့်ပေါ့နော်၊ ငါသည်မြတ်သောအကျင့်ကိုကျင့်၍ အမှန်တရား၌ရပ်၍နေ၏ တို့ပေါ့နော်။ အလင်္ကာ၊ကဗျာဆန်တဲ့ဟာတွေပေါ့နော်။ ကျစ်ကျစ်လျစ်လျစ်နဲ့ ရသကို တစိမ့်စိမ့်နဲ့ အမြဲခံစားလို့ရတယ်။ သီချင်းကောင်းတစ်ပုဒ်က ခေတ်၊စနစ်က တားဆီးလို့မရဘူး။ ခေတ်၊စနစ်ကို ကျော်လွှားပြီးတော့ ဂန္တ၀င်အဖြစ်နဲ့ သူကကျန်တယ်။ ဆရာတို့ကလည်း စာရေးတဲ့၊စာဖတ်တဲ့ဘက်ကို အားသန်းတဲ့ အခါကြတော့ ဒီရေးဖွဲ့တဲ့ စာသားအလင်္ကာတွေက ဂုဏ်မြောက်လို့ရှိရင်၊ မယ်လိုဒီလည်း ကောင်းရမယ်ပေါ့နော်။ အဲ့ဒါခေတ်တွေကိုကျော်ဖြတ်သွားမှာပဲ။ ခေတ်တိုင်းမှာရှင်သန်နေမှာပဲပေါ့။ အဲ့ဒီသီချင်းကိုရေးဖြစ်တော့လည်း ဆရာရဲ့ ရှင်သန်၊ မရှင်သန်တော့မသိဘူးပေါ့နော်။ ဆရာရင်ထဲမှာ ရှင်သန်နေတာကတော့ ခုနကဆရာအားကျခဲ့တဲ့ ဆရာကြီးတွေရဲ့ ဆရာစိုင်းခမ်းလိတ်တို့၊ ကိုနေ၀င်းတို့ သီချင်းတွေ အလင်္ကာဆန်တဲ့သီချင်းတွေ၊ အတွေးအခေါ်ဆန်တဲ့၊ ဒဿနဆန်တဲ့သီချင်းတွေ ဆရာ့ရင်ထဲမှာရှင်သန်နေဆဲပဲပေါ့။
ဒီသီချင်းထဲမှာရော ဆရာနဲ့အတူလက်တွဲပြီးတော့ ဖန်တီးခဲ့တဲ့ဂီတရောင်းရင်းတွေ ရှိသေးလားမသိဘူး။
အင်း..ဟုတ်တယ်။အဲ့ဒါဟာက ပထမတဂိုးရဲ့ကဗျာလေး ဆရာအတွေးစယူတယ်။ နောက်ဆရာစာသားရေးလိုက်တယ်။ ပြီးတော့မှ တက္ကသိုလ်အေးမောင်ကြီးက သံစဉ်လေးအကြမ်းထည့်တယ်။ ပက်ထရစ်က Arrangement ပေါ့။ မွမ်းမံတယ်ပေါ့နော်။ အဲ့ဒီမှာ အခုIC က ကိုဗညားနိုင်က Pianoပေါ့။ အဲ့ဒီတုန်းက သူက ပက်ထရစ်တို့နဲ့ အတူတူတီးတယ်။ အဲ့ဒီတော့ Music ထဲမှာ ကြားထဲက Solo ပိုဒ်လေးထဲမှာ ကိုဗညားနိုင်တီးထားတဲ့ Piano Part လေးတွေက တော်တော်ကောင်းတယ်။ သီချင်းလေးကတော့ Country ဆန်ဆန်လေးပေါ့နော်။ အဲ့ဒါလေးနဲ့ စိုင်းထီးဆိုင် ဆိုတာလေးကလဲ ကောင်းတယ်ပေါ့နော်။ ကိုယ်ကိုတိုင်လဲ ဒီသီချင်းလေးကို ပြန်ပြန်ပြီးတော့ခံစားနေမိတယ်။ ကိုယ်ကိုတိုင်ရော စွန့်လွှတ်တဲ့လူနေရာကိုရောက်ခဲ့ရင် ကိုယ်လည်းပေးဆပ်ခဲ့မယ်။ ဒါပေမဲ့ ပေးဆပ်တဲ့တန်ဖိုးနဲ့ ညီအောင် ကျန်ခဲ့တဲ့လူတွေမှာလဲ အဲ့ဒီတန်ဖိုးထားတတ်တဲ့စိတ်ကလေးတွေ ရှိစေချင်တယ်။
စိုင်းထီးဆိုင် - စွန့်လွှတ်သူများ