• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဆရာရေ သဘာဝရဲ့ရင်သွေးငယ်တွေ သီချင်းလေးပြီးတော့ နောက်ထပ်တစ်ပုဒ်ကိုရော ဘယ်သီချင်းဖွင့်ပြပေးဖို့ စဉ်းစားထားလဲဟင်။
အဲ့ဒါ ကိုယ်တိုင်ရေးခဲ့တဲ့ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စုပါ။ သဘာဝရဲ့ရင်သွေးငယ်နဲ့လည်း ဆက်စပ်မယ်လို့ထင်ပါတယ်။ အဲ့ဒါလေးကို နားထောင်လိုက်ရင်တော့ ပိုပြီးတော့ သဘာဝရဲ့ရင်သွေးငယ်တွေသီချင်းရဲ့တန်ဖိုးလည်း ပိုမြင့်လာသလို သူနဲ့ဆက်စပ်တဲ့ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စုလည်း ရုပ်လုံးကြွလာမယ့်လို့ ထင်ပါတယ်။
အဲ့သီချင်းနဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့ခံစားချက်လေးကိုလည်း ပြောပြပေးပါအုံး။
အခုဆိုရင် ဟွန်းသံကင်းမဲ့ဇုန်၊ ဒါဆိုရင် မြန်မာပြည်သည် စစ်မဲ့ဇုန်ဖြစ်ရင် မကောင်းဘူးလားပေါ့။ တကယ်တမ်းကျတော့ စစ်ကိုအမုန်းတီးဆုံးက စစ်သားပဲ။ ဘာလို့လည်းဆိုတော့ ကိုယ်ကိုတိုင်လည်း တက္ကသိုလ်ကျောင်းသားဘ၀ကနေ စစ်သားဘ၀ရောက်သွားတဲ့အခါကျမှ အဲ့ဒါတွေသိခဲ့တာလေ။ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ သီချင်းတစ်ပုဒ်ရေးကွာဆိုတဲ့အချိန်ကျတော့ ဆရာ အဲ့သီချင်းပေါ်လာဖို့အတွက် လေးလလောက်ကြာတယ်။ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု သီချင်းထွက်လာဖို့အတွက်ပေါ့။ ဟေမာနေ၀င်းဆိုတယ်။ ခင်မောင်ထူးဆိုတယ်။ အဲ့တော့ လေးလလောက်ဘာဖြစ်လို့ ကြာလဲဆိုတော့ ပြည်ထောင်စုမပြိုကွဲရေး ရေးပါဆိုတဲ့အခါကျတော့ ပင်လုံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်မှတ်ထိုးကြတယ်။ ဘာညာနဲ့ရေးလိုက်ရင် သိပြီးသား Message တစ်ခုပေါ့။ ဆောင်းပါးဆန်ဆန်ဟာကို သီချင်းရေးလိုက်လည်း မဖြစ်ဘူးလားဆိုတော့ တာဝန်ကျေသွားတာပေါ့နော်။ ဒါပေမယ့်တာဝန်ကျေတာထက်ကို ကိုယ်ကဒီနိုင်ငံသားတိုင်းမှာ တစ်ဦးချင်းဆီမှာ တာဝန်ရှိနေတယ်ဆိုတာကို ပြောချင်တာလေ။ အကျိုးပြုတေးဆိုတာ မိမိမှာလည်းအကျိုးရှိရမယ်။ အဲ့တာကိုသိစေချင်တာ။ အကျိုးပြုတေးဆိုတာ အဲ့လိုမျိုးအကျိုးပြုတဲ့ဟာကို လိုချင်ရင်တော့ လူတိုင်းမှာတာဝန်ရှိနေတယ်။ ကိုယ့်မိသားစုမပြိုကွဲဖို့က ကိုယ့်မှာတာဝန်ရှိတယ်။ ဒါကြောင့် ဆရာတို့နိုင်ငံက ၁၃၅ မျိုးသောလူမျိုးတွေနဲ့ ပေါင်းစုထားတဲ့နိုင်ငံ၊ မိသားစုအများကြီးနဲ့ ပေါင်းစုထားတဲ့နိုင်ငံဖြစ်နေတယ်။ အဲ့ဒါကြောင့် မိသားစုမပြိုကွဲအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲဖို့က အရေးကြီးတယ်။ ပြည်ထောင်စုမပြိုကွဲဖို့ အဓိကကျတယ်။ ဒါပေမယ့် အဲ့ဒီဟာတော့သိနေပြီ ဘယ်လိုရေးမလဲဆိုတဲ့ ပြဿနာပေါ့။ အဲ့သီချင်းက အတော့်ကိုလေးနက်ပါတယ်။ အဲ့တော့အဲ့တစ်ညမှာမှ အမျိုးစုံစဉ်းစားတယ်။ သွားရင်းနဲ့လည်း စိတ်ထဲမှာရေးတယ်။ ဒါပေမယ့် သီချင်းကဖြစ်မလာဘူး။ တစ်ညမှာကျတော့ satellite မှာပေါ့နော်။ ရုရှားမှာပစ်ကြခတ်ကြနဲ့ ကလေးတွေငိုတယ်။ အဖွားတွေငိုတယ်။ သေတယ်။ အဲ့တော့ရုရှားပြည်ထောင်စုပြိုကွဲတယ်လေ။ အဲ့တာကြီးပြိုကွဲတာ ကြည့်ပြီးတော့မှ ဟာ ငါတို့တိုင်းပြည် ပြိုကွဲသွားရင် ဒီလိုဖြစ်မှာပဲဆိုပြီးတော့ ခံစားတာ။ အဲ့ဒီခံစားချက်ထွက်လာတော့မှ စကားလုံးတွေက အလိုလိုကျလာတာ။ စကားလေးကလည်း ရိုးရိုးလေးပဲ။ အဲ့တော့မကွဲမပြားဘဲနဲ့ နှလုံးသားနဲ့သတိမူရင် ရတက်အေးရမယ်ပေါ့။ အဲ့ဒီစေတနာလေးတွေနဲ့ အဲ့ကျမှရေးဖြစ်တာ။ ရေးဖြစ်ပြီးတော့လည်း ဒီရေးဖြစ်တဲ့ဟာကို အဆိုတော်က မြန်မာ့အသံမှာ ဒီလိုပဲ ကင်မရာသုံးလုံးနဲ့ရိုက်မယ်ဆိုရင်လည်း ဖြစ်တယ်။ ဒါပေမယ့် ပင်ပန်းခံတယ်။ ဒီအရုပ်တွေကိုလိုချင်တယ်။ Satellite ကအရုပ်တွေကို edit လုပ်။ စာသားနဲ့ ပုံနဲ့ကွက်တိဖြစ်အောင်ဆိုပြီးတော့ edit လုပ်ပြီးတော့ ရိုက်ခဲ့တာ။ သီချင်းကို နောက်ကအရုပ်တွေက ပို့ပေးနိုင်တယ်။ MTV ကတကယ့်ကိုတန်ဖိုးရှိရှိပေးနိုင်မယ်ဆိုရင် အတော့်ကိုထိရောက်တာ။ အဲ့သီချင်းတစ်ပုဒ်အတွက် တော်တော်လုပ်ခဲ့ရတယ်။ ပေးဆပ်ခဲ့ရတယ်။ ပြလိုက်တော့ ပြတဲ့နေ့မှာပဲ အဲ့သီချင်းကိုကြည့်ပြီးတော့မျက်ရည်ကျကြတယ်။ ဖုန်းဆက်ကြတယ်ပေါ့။ ကရုဏာရသပေးလိုက်တာပဲလေ။ အဲ့သီချင်းကိုကြည့်လိုက်ရင် ဂီတကနေပေးလိုက်တဲ့အနုပညာတစ်ခု အတွေးအခေါ်တစ်ခု၊ Message တစ်ခုက ပရိတ်သတ်ရင်ထဲမှာ ငါတို့မှာကိုယ်က ပြည်ထောင်စုမပြိုကွဲဖို့ ကိုယ်စီတာဝန်ရှိတယ်ဆိုတဲ့ အသိလေးကိုရစေချင်တာ။
ဟုတ်တယ်နော်။ အဲ့သီချင်းလေးကလည်း ဆရာပြောတော့မှပဲ သတိထားမိတော့တယ်။ သဘာဝရင်သွေးငယ်သီချင်းနဲ့ ဒီသီချင်းလေးနဲ့က ဆက်စပ်နေတယ်နော်။
ဒါပေါ့ ဆက်စပ်တာပေါ့။ သဘာဝရင်သွေးငယ်က စစ်မဖြစ်ရာမြေ၊ လှပတဲ့မြေ သူက ငြိမ်းချမ်းရေးကိုမျှော်လင့်တာ။ အဲ့မှာသဘာဝရဲ့ ရင်သွေးငယ်တွေထဲက chorus ပိုဒ်ကစာသားဆိုရင် ဆရာအခုချိန်အထိကြိုက်တာ။ သူက ဓမ္မလည်းဆန်တယ်။ ပိုင်ဆိုင်တာအားလုံးစွန့်ကာရယ် ကိုယ့်ရဲ့ပိုင်ဆိုင်တာအားလုံးစွန့်လိုက်လို့ရှိရင် မနာလိုစရာမရှိတော့ဘူး။ အားလုံးက တန်းတူညီသွားပြီ။ တန်းတူညီသွားတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် မနာလိုစရာမရှိရင် ညီအစ်ကိုလိုကြင်နာမှုနဲ့ လောကသစ်ကြီးတစ်ခု တည်ကြရအောင်ဆိုတာ အဲ့ဒီဟာကိုသဘာဝရဲ့ရင်သွေးငယ်တွေက ရှာနေတာ။ ရှာနေတော့ သူတို့ရှာဖွေချက်တွေကိုလည်း နောက်ကလူတွေလည်းဆက်ပြီး ရှာစေချင်တာ။ လောကကြီးကို ငြိမ်းချမ်းအောင် တည်ဆောက်နေရမယ်။ ချစ်ခင်အောင်၊ စည်းလုံးအောင်လုပ်နေရမယ်။ ခုနကစွန့်လွှတ်သူများအတ္ထုပ္ပတ္တိ၊ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု၊ သဘာဝရဲ့ရင်သွေးငယ် ဒါတွေအားလုံးကဆက်စပ်နေတာပဲ။ အတွေးအခေါ်တွေချည်ပဲ၊ ဓမ္မတွေချည်ပါပဲ။
ဟေမာနေ၀င်း - ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု