• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဟုတ်ကဲ့အမရေ။ ညီမတို့ စစချင်းအမကိုမှီတာဆိုရင်တော့ ကြည်ပြာဆိုတဲ့ ဇာတ်ကားလေးနဲ့ပဲ အမရဲ့သရုပ်ဆောင်မှုကို စပြီးတော့မြင်ဖူးတာလေ အမ။ အဲ့ဇာတ်ကားရိုက်တုန်းက အမရဲ့အတွေ့ အကြုံလေးတွေ နည်းနည်းလောက်ပြောပြပေးပါအုံး။
အဲ့တာက စာရေးဆရာမရွှေသဉ္ဇာရဲ့ အိုလောင်းပန်းပွင့် ဘယ်ဂုဏ်နှင့်ဝင့်မတုန်း ဆိုတဲ့စာပေဆုဝတ္ထုလေးကို ပြန်ရိုက်ထားတာပါ။ မန္တလေးရဲ့ အရှေ့ပြင်မှာရှိတဲ့ မြန်မာသီလရှင်ကျောင်းတိုက်တစ်ခုရှိပါတယ်။ အဲ့ဒီသီလရှင်ကျောင်းတိုက်မှာ မိဘမဲ့မိန်းကလေး ကျောင်းတစ်ခု ရှိပါတယ်။ အဲ့ဒီကျောင်းလေးကို အခြေခံပြီးတော့ ရေးထားတာပါ။ အမ တို့လည်း အဲ့ဒီကျောင်းကလေးမှာပဲ သွားရိုက်ပါတယ်။ အဲ့ဒီမှာ မူကြိုအရွယ်မရှိတရှိအရွယ်ကနေ စပြီးတော့ ဟိုးဆယ်တန်း၊ တက္ကသိုလ်ရောက်တဲ့အရွယ်အထိ ကလေးတွေရှိပါတယ်။ အများကြီးပဲလေ။ ဆိုတော့ အဲ့ဒီကျောင်းမှာသွားရိုက်တဲ့အခါကျတော့ သူတို့လေးတွေကိုလည်း နေ့တိုင်းတွေ့မြင်နေရတာပေါ့နော်။ အုပ်ချုပ်တဲ့သီလရှင်ကြီးတွေကလည်း အင်မတန်မှပဲ စည်းစနစ်တကျနဲ့ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ကျောင်းတွေဘာတွေလည်း ထားပေးပါတယ်။ အကုန်လုံးကိုလေ သူတို့ရဲ့ဘ၀လေးတွေ လုံလုံခြုံခြုံနဲ့ပေါ့နော်။ အဲ့မှာနေပြီးတော့ ပညာသင်ကြားခွင့်လည်း ရပါတယ်။ စာတော်ရင် တော်သလိုတက္ကသိုလ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးပါတယ်။ ဒီလိုလာရိုက်တဲ့အတွက် သူတို့လေးတွေအတွက် အထောက်အကူလေးတွေရပြီးတော့ ပရိတ်သတ်တွေကနေပြီး မြန်မာပြည်တစ်ပြည်လုံးကလူတွေ တွေ့ကြရမှာဆိုတော့ ကူညီထောက်ပံမှုလေးတွေ ရပါစေဆိုတဲ့ ဆန္ဒတွေအားလုံးမှာရှိကြပါတယ်။ ကိုယ်ကအဆင်ပြေတော့ မိဘတွေအခုချိန်အထိရှိတယ်ပေါ့နော်။ သူတို့လေးတွေမှာ မိမဲ့ဘမဲ့နဲ့ ဘာပဲပြောပြော ကံဆိုးတယ်လို့ ပြောလို့ရပေမယ့်လည်း ဒီသီလရှင်ကြီးတွေရဲ့ ကောင်းမှုနဲ့ စောင့်ရှောက်မှုနဲ့ ကံကောင်းထောက်မစွာ ဒီလိုနေရာလေးမှာလာပြီးတော့ နေခွင့်ရတယ်။ သူတို့တွေအတွက် ၀မ်းလည်းသာပါတယ်။ မိဘမဲ့ရတဲ့အတွက် စိတ်မကောင်းတော့ဖြစ်မိတာပေါ့လေ။ သူတို့လေးတွေကိုယ်စား ဒါပေမယ့်လည်း ခုလိုနေရာမျိုးမှာ လာပြီးတော့ နေခွင့်ရတဲ့အတွက် သူတို့အတွက် ၀မ်းလည်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကြိုးစားကြတဲ့အတွက် ကြိုးစားသလို အောင်မြင်ကြတာတွေကို တွေ့ရတော့လည်း ၀မ်းသာဂုဏ်ယူပါတယ်။
အဲ့ဒီကားထဲမှာလေ ညီမအကြိုက်ဆုံးကကျတော့ နောက်ပိတ်ဆုံးမှာပေါ့ ကလေးလေးနဲ့ ခွဲရခါနီးမှာ အမသရုပ်ဆောင်သွားတဲ့ နေရာလေးတွေက အရမ်းလည်းကောင်းတယ်လေ။ ပရိတ်သတ်တွေကလည်း သဘောကျကြတယ်လေ။ အဲ့အချိန်မှာရော အမရင်ထဲမှာ ဘယ်လိုများခံစားနေရလဲ မသိဘူး။
ဒီကလေးမလေးနဲ့ တကယ်ပဲခွဲရမယ့်စိတ်မျိုးသွင်းရတာပေါ့နော်။ ကိုယ်ဘာပဲပြောပြော နှစ်တွေချီပြီးတော့ ကိုယ် ကသူ့ကိုပြုစုစောင့်ရှောက်ခဲ့တာ၊ ထိန်းကျောင်းလာခဲ့တာဆိုတော့ တကယ့်ညီမလေးလို သမီးလေးလို သံယောဇဉ်တွေက တွယ်တာနေပြီးတော့မှ ဒီကလေးနဲ့ ခွဲခွာရတော့မယ်ဆိုတော့ စိတ်မကောင်းအရမ်းဖြစ်တာပေါ့လေ။ အဲ့သဘောပါပဲ။ ကြုံတုန်းပြောရမယ်ဆိုရင် အဲ့ကလေးမလေးတွေနေရာမှာ သရုပ်ဆောင်တဲ့အထဲက နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က တော်တော်လေးငယ်ပါတယ်။ နောက်တစ်ယောက်က နည်းနည်းလေးကြီးလာတဲ့အခန်းပေါ့။ တော်တော်လေးငယ်တဲ့ ကလေးမလေးက အခုသျှီဆိုပြီးတော့ နာမည်ကြီးနေတဲ့တေးသံရှင်လေးပါ။
ပြီးတော့မှ ကြည်ပြာဇာတ်ကားနဲ့ပေါ့။ အမ သရုပ်ဆောင်ပြီးတော့ အကယ်ဒမီရခဲ့တယ်ဆိုတော့ အဲ့ဒီဇာတ်ကားက ဘယ်နှစ်ခုနှစ်မှာ ရခဲ့တာလဲဟင်အမ။
၈၀ ခုနှစ်မှာရိုက်တာဆိုတော့ ၁၉၈၀ ခုနှစ်အတွက် အကယ်ဒမီဆုကို ၈၁ ခုနှစ်မှာရပါတယ်။
ဒါဆိုလို့ရှိရင် အဲ့ဒီဇာတ်ကားကရော အမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ဘယ်နှစ်ခုမြောက်လောက်ဖြစ်မလဲ။
ကား ၃၀ မြောက်ပါ။